စိန်ခေါ်မှု အသစ်များနှင့် ဥရောပ သမဂ္ဂ

စိန်ခေါ်မှု အသစ်များနှင့် ဥရောပ သမဂ္ဂ

ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့က ဘာလင် မြို့တော်တွင် ဥရောပ သမဂ္ဂေ ခါင်းဆောင်များ စုဝေးခဲ့ကာ ဥရောပ သမဂ္ဂ နှစ် ငါးဆယ်ပြည့် အခမ်းအနားကို ကျင်းပခဲ့ ကြသည်။ ၁၉၅၇ ခုနှစ် မတ်လ ၂၅ ရက်နေ့က ပြင်သစ်၊ အနောက် ဂျာမနီ၊ အီတလီ၊ လူဇင်ဘတ်၊ နယ်သာလန်နှင့် ဘယ်လ်ဂျီယံ နိုင်ငံ တို့သည် အီတလီနိုင်ငံ ရောမ မြို့တော်တွင် စုဝေးပြီး ရောမ သဘော တူညီချက်ကို လက်မှတ် ထိုးခဲ့ ကြပြီး ဥရောပ စီးပွားရေး အဖွဲ့ European Economic Community, EEC ကိုတည်ထောင် ခဲ့ကြ ခြင်းဖြင့် ယနေ့ ဥရောပ သမဂ္ဂကို မွေးဖွား ပေးခဲ့ကြသည်။

မူလက ဥရောပ အင်အားကြီး နှစ်နိုင်ငံ ဖြစ်သော ပြင်သစ်နှင့် ဂျာမနီ အကြား နောက်ထပ်ရန် မီးများ မပေါ်ပေါက် စေရန် အတွက် စီးပွားရေး ပူးပေါင်း ဆောင်ရွက် မှုကို တည်ဆောက်ရန် ရည်ရွယ်ပြီး ဖွဲ့စည်း ခဲ့သော အဖွဲ့သည် ယခု အချိန်တွင် အဖွဲ့ဝင် ၂၇ နိုင်ငံ ပါဝင်သော ဥရောပ သမဂ္ဂ အဖြစ်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ ဥရောပ သမဂ္ဂ၏ နှစ် ငါးဆယ်ပြည့် မွေးနေ့တွင် ဥရောပ ခေါင်းဆောင် များက ဥရောပ သမဂ္ဂ၏ အောင်မြင်မှု များကို ချီးကျူးရင်း တစ်ခု တည်းသော ဥရောပ ဖြစ်လာအောင် ဆက်လက် ဆောင်ရွက်မည့် အစီအမံ များကို ထုတ်ဖော် ပြောကြား ခဲ့ကြသည်။ သို့သော် ဥရောပ သမဂ္ဂသည် ပြီးခဲ့သည့် နှစ်ငါးဆယ်က ရရှိခဲ့သည့်ေ အာင်မြင်မှုများ၊ တက်ကြွ လှုပ်ရှားမှုများ အရှိန်အဟုန် များကို အနာဂတ်တွင် ဆက်လက် ထိန်းသိမ်း ထားနိုင် လိမ့်မည်ဟု ယုံကြည်သူ အနည်းငယ် ခန့်သာ ရှိပေသည်။

ဥရောပ သမဂ္ဂ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ
ဥရောပ သမဂ္ဂ၏ အနာဂတ် အရေး အတွက် အဓိက ပြဿနာ တစ်ခုမှာ ဥရောပ သမဂ္ဂ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အတည်ပြု နိုင်ရေးပင် ဖြစ်သည်။ ဥရောပ သမဂ္ဂ ဖွဲ့စည်း ရာတွင် အသုံးပြု ခဲ့သော အမျိုးမျိုးသော စာချုပ်များ နေရာတွင် ဥရောပ သမဂ္ဂ အဖွဲ့ အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တစ်ခုဖြင့် အစားထိုးရန် လှုပ်ရှားမှု များကို ၂ဝဝဝ ပြည့်နှစ်တွင် စတင်ခဲ့ပြီး ၂ဝဝ၃ ခုနှစ်တွင် ဖွဲ့စည်းပုံ မူကြမ်း တစ်ခုကို ထုတ်ပြန်ခဲ့သည်။ ထို့နောက် ၂ဝဝ၄ခုနှစ် အောက်တို ဘာလ ၂၉ ရက်နေ့တွင် ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံများက ဥရောပ သမဂ္ဂ အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တစ်ရပ် ရေးဆွဲရေး ဆိုင်ရာ သဘော Treaty Establishing a Constitution for Europe (TCE) ကို လက်မှတ် ရေးထိုး ခဲ့ကြသည်။ ထိုသဘော တူညီချက် အရ အဖွဲ့ဝင် နိုင်ငံ အားလုံးက ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်ခံ အတည်ပြုရန် လိုအပ်မည် ဖြစ်သည်။

လက်ရှိ အခြေအနေတွင် ဥရောပ သမဂ္ဂ အတွင်းတွင် စီးပွားရေး၊ ဘဏ္ဍာရေး၊ နိုင်ငံခြားရေး၊ လူဝင်မှု ကြီးကြပ်ရေး စသော ကဏ္ဍ အများ အပြားတွင် ဘုံသဘော တူညီချက် များဖြင့် ဆောင်ရွက် နေသည့်တိုင် တစ်ခု တည်းသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အောက်တွင် ရပ်တည်ရေးနှင့် ပတ်သက်ပြီး ဆန့်ကျင်မှု အများအပြား ပေါ်ပေါက် လာခဲ့ သည်။ အထူးသဖြင့် မိမိနိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိပါး စေသည် ဆိုသည့် အခြေခံ ပေါ်တွင် ရပ်တည်ပြီး ဆန့်ကျင်မှု အများအပြား ပေါ်ပေါက် ခဲ့သည်။

သို့တိုင်အောင် ဥရောပ သမဂ္ဂ အဖွဲ့ဝင် ၁၇ နိုင်ငံက ဥရောပ သမဂ္ဂ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်ခံခဲ့ ကြသည်။ သို့သော် ၂ဝဝ၅ ခုနှစ် မေလ ၂၉ ရက်နေ့တွင် ပြုလုပ်သည့် ပြင်သစ်နိုင်ငံ၏ ပြည်သူ့ဆန္ဒခံ ယူပွဲနှင့် နောက်သုံးရက် အကြာတွင် ပြုလုပ်သည့် နယ်သာလန် နိုင်ငံ၏ ပြည်သူဆန္ဒ ခံယူပွဲ များတွင် မဲဆန္ဒရှင်များ က ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပယ်ချ လိုက်သည့် အခါတွင်မူ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတည်ပြုရေး လုပ်ငန်းစဉ် တစ်ခုလုံး ရပ်တန့်သွား ခဲ့တော့သည်။ ယခု အချိန်တွင်မူ ဥရောပ သမဂ္ဂေ ခါင်းဆောင်များ အကြားတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အစမှ ပြန်လည် အသစ် ရေးဆွဲ မည်လား၊ သို့မဟုတ် ပယ်ချ ခဲ့သည့် နိုင်ငံများက ပြည်သူများ စိတ်ပြောင်းသည် အထိ စောင့်ဆိုင်း မည်လား ဆိုသည်ကို ငြင်းခုံ နေကြဆဲ ဖြစ်သည်။ လက်ရှိ ဥရောပ သမဂ္ဂ ဥက္ကဌ ဖြစ်သည့် ဂျာမနီ နိုင်ငံကမူ ၂ဝဝ၇ ခုနှစ် ပြင်သစ် သမ္မတ ရွေးကောက်ပွဲ အပြီးထိ စောင့်ဆိုင်းပြီးမှ ဆုံးဖြတ်ရန် လိုလားလျှက် ရှိသည်ကို တွေ့ရသည်။

ပေါင်းစည်းရေး ပြဿနာများ
၁၉၈ဝ ပြည်လွန် နှစ်များမှ စတင်ပြီး ဥရောပ သမဂ္ဂ ချဲ့ထွင်ရေးသည် လူကြိုက် များသော မူဝါဒ ဖြစ်ခဲ့သည်။ ထိုမူဝါဒကို အဓိက ထောက်ခံသော နိုင်ငံများမှာ ပြင်သစ်နှင့် ဂျာမနီ ဖြစ်သည်။ ထိုမူဝါဒကို ထောက်ခံ သူတို့က ဥရောပ သမဂ္ဂ အဖွဲ့ဝင် ဖြစ်လိုသော နိုင်ငံများသည် ဥရောပ သမဂ္ဂ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စံနှုန်းများကို လိုက်နာ နိုင်အောင် ကြိုးစား ရသောကြောင့် ထိုနိုင်ငံများတွင် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု သာမက ဒီမိုကရေစီ ထွန်းကားရေး ကိုပါ အထောက်အကူ ပြုနိုင် သည်ဟု ယူဆခဲ့ ကြသည်။ လက်တွေ့ တွင်လည်း ၁၉၈ဝ ပြည့်လွန် နှစ်များတွင် တစ်ချိန်က အာဏာရှင် စနစ်ဖြင့် အုပ်ချုပ် ခဲ့သော ဂရိ၊ ပေါ်တူဂီနှင့် စပိန်တို့ကို ဥရောပ သမဂ္ဂ အဖွဲ့ အတွင်းသို့ ဝင်ခွင့်ပြုခဲ့ရာ ထိုနိုင်ငံ များတွင် နိုင်ငံရေးနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုများ ပေါ်ပေါက် ခဲ့သည်ကို တွေ့ခဲ့ရ သည်။ ဥရောပ ပေါင်းစည်းရေး မူဝါဒသည် မေလ ၂ဝဝ၄ ခုနှစ်တွင် ယခင် ကွန်မြူနစ် နိုင်ငံ ရှစ်နိုင်ငံနှင့် ဆိုက်ပရတ်စ် ၊ မော်လ်လတာ နိုင်ငံများကို ဥရောပ သမဂ္ဂ အဖွဲ့ အတွင်းသို့ ဝင်ရောက် ခဲ့ချိန်တွင် အထွတ် အထိပ်သို့ ရောက်ခဲ့သည်။ ထို့နောက် တွင်တော့ ဥရောပ သမဂ္ဂသည် နိုင်ငံရေး အကဲခတ် အချို့၏ အဆိုအရ ပေါင်းစည်းရေး ကြိုပမ်းမှု များတွက် ခြေကုန် လက်ပန်း ကျသွားပြီး နောက်ထပ် အဖွဲ့ဝင် အသစ်များ လက်ခံရန် လက်တွန့် သွားခဲ့ သည်။ ထို့ကြောင့် ၂ဝဝ၇ ခုနှစ် ဇန်န ဝါရီလတွင် ဘူဂေး ရီးယားနှင့် ရိုမေး နီးယား တို့ကို အဖွဲ့ဝင် အသစ်များ အဖြစ် လက်ခံခဲ့ သော်လည်း ထိုနိုင်ငံများ အနေဖြင့် အဂတိ လိုက်စားမှုနှင့် ဒုစရိုက် ဂိုဏ်း များကို ထိရောက်စွာ ကိုင်တွယ်ခြင်း မပြုလျှင် ဒဏ်ခတ် အရေးယူ မှုများ ခံရမည် ဆိုသည့် တင်းကျပ်သော စည်းကမ်း များနှင့်သာ လက်ခံခဲ့ သည်ကို တွေ့ရသည်။

ထိုသို့ ဖြစ်ရခြင်း၏ အဓိက အကြောင်း အရင်းမှာ ဥရောပ သမဂ္ဂ အတွင်းတွင် အဖွဲ့ဝင် ဟောင်းများနှင့် အဖွဲ့ဝင် သစ်များ အကြားတွင် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အခြေအနေများ အလွန်အမင်း ကွာခြား နေခြင်း၏ နောက်ဆက်တွဲ အကျိုး ဆက်များ ကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် ဥရောပ သမဂ္ဂ အတွင်းသို့ ဝင်ခွင့်ရရန် စောင့်ဆိုင်း နေသော ဘောလ်ကန် ဒေသ နိုင်ငံများနှင့် ယူကရိန်း၊ ဂျော်ဂျီယာ တို့အတွက် အချိန် အတော် ကြာကြာ စောင့်ဆိုင်း ရမည့် အခြေအနေ တွင်ရှိနေပေသည်။

ဥရောပ သမဂ္ဂ အတွက် အဖွဲ့ဝင် သစ်များ လက်ခံ ရာတွင် အငြင်းပွား ဖွယ်ရာ အဖြစ်ဆုံးမှာ တူရကီ နိုင်ငံ အရေးပင် ဖြစ်သည်။ နေတိုး အဖွဲ့ဝင် နိုင်ငံဖြစ်သော တူရကီသည် ဥရောပ သမဂ္ဂ အဖွဲ့ဝင် ဖြစ်ရန်အတွက် ကြိုးစား နေသည်မှာ အချိန် အတော် ကြာခဲ့ပြီဖြစ်သည်။ တူရကီ နိုင်ငံ၏ လူ့အခွင့် အရေး အခြေအနေများ၊ တရား စီရင်ရေး စနစ် များနှင့် လူနည်းစု များ၏ အခွင့်အရေး များနှင့် ပတ်သက်ပြီး ဥရောပ သမဂ္ဂ၏ တောင်းဆို ချက်များ အတိုင်း ပြုပြင် ပြောင်းလဲမှု များကိုလည်း ပြုလုပ် ခဲ့သည်။

သို့သော် ၂ဝဝ၅ ခုနှစ် အောက်တို ဘာလတွင် တူရကီ အဖွဲ့ဝင် ဖြစ်ရေး အတွက် တရားဝင် ဆွေးနွေး မှုများ ပြုလုပ် ချိန်တွင်မူ ပြင်သစ်နှင့် ဂျာမနီတို့က တူရကီသည် ဥရောပ နိုင်ငံ တစ်နိုင်ငံ မဟုတ်ဟု အကြောင်း ပြပြီး အဖွဲ့ဝင် အဖြစ် လက်မခံ လိုသော သဘောထား များကို ထင်ထင် ရှားရှား ပြသခဲ့သည်။ နောက်ဆုံးတွင် တူရကီ နိုင်ငံနှင့် ပြုလုပ် နေသော ဆွေးနွေးမှု များသည် တူရကီ နိုင်ငံ၏ ဆိုက်ပရပ် မူဝါဒအပေါ် အကြောင်းပြုပြီး ရပ်ဆိုင်း သွားခဲ့သည်။ သို့သော် ဗြိတိန်၊ အီတလီ၊ စပိန်နှင့် ဆွီဒင် တို့ကမူ တူရကီ နိုင်ငံကို အဖွဲ့ဝင် အဖြစ် လက်မခံ ခြင်းကို မူဆလင် ကမ္ဘာက ခရစ်ယန် ဥရောပ နိုင်ငံ များက အစ္စလာမ် နိုင်ငံ တစ်နိုင်ငံကို အဆင့်အတန်း ခွဲခြားသည့် လုပ်ရပ် အဖြစ် မြင်သွား မည်ကို စိုးရိမ် နေကြသည်။ ထို့အပြင် ထိုလုပ်ရပ် ကြောင့် ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံများတွင် နေထိုင် နေသော မွတ်ဆလင် ဘာသာဝင် သန်းနှစ်ဆယ် ကျော်အတွင်းတွင် အစွန်းရောက် သဘော တရားများ ပိုမို တိုးပွား လာမည်ကို စိုးရိမ် ခဲ့ကြသည်။ သို့သော် တူရကီ နိုင်ငံ အဖွဲ့ဝင် ဖြစ်ရေး မှာမူ အလှမ်းဝေး နေဆဲပင် ဖြစ်သည်။

နောက်ဆက်တွဲ ပြဿနာများ
လက်ရှိ အခြေအနေတွင် ဥရောပ သမဂ္ဂ၏ ရှေ့ဆောင် နိုင်ငံများ ဖြစ်သော ပြင်သစ်၊ ဂျာမနီ၊ အီတလီ နှင့် ဗြိတိန်တို့မှာ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှုန်း နှေးကွေးခြင်း၊ အလုပ် လက်မဲ့နှုန်း မြင့်မား လာခြင်း စသော ပြဿနာ များနှင့် လုံးချာလိုက် နေကြသည်။ သို့တိုင်အောင် ဥရောပ သမဂ္ဂ၏ အနာဂတ် စီးပွားရေး ဦးတည်ရာ လမ်းကြောင်းနှင့် ပတ်သက်ပြီး ၎င်းတို့ အချင်းချင်းလည်း သဘောထား ကွဲလွဲလျှက် ရှိနေသည်ကို တွေ့ရသည်။ ဗြိတိန် နိုင်ငံက စီးပွားရေးနှင့် ပတ်သက်လျှင် လစ်ဘရယ် မူဝါဒကို အခြေခံသည့် ပြုပြင် ပြောင်းလဲ မှုကို လိုလားပြီး အရှေ့နှင့် ဗဟို ဥရောပ ဒေသမှ အဖွဲ့ဝင် နိုင်ငံသစ် များက ဗြိတိန်၏ မူဝါဒကို ထောက်ခံလျှက် ရှိကြသည်။ ပြင်သစ်၊ ဂျာမနီတို့ကမူ လူမှု ဖူလုံရေးကို အခြေခံသည့် မူဝါဒ များကိုသာ ဆက်လက် ကျင့်သုံး လိုကြသည်။ အနောက် ဥရောပ ပြည်သူ အများစု အနေဖြင့် ကလည်း ဥရောပ သမဂ္ဂ တိုးချဲ့ရေးထက် အဖွဲ့ဝင် နိုင်ငံသစ် များထံမှ ဈေးချိုသော အလုပ်သမား များကြောင့် နိုင်ငံ အတွင်း အလုပ်လက်မဲ့ များပြား လာမှု၊ အာဖရိက တိုက်မှ အခြေချ နေထိုင်သူ အစ္စလာမ် ဘာသာဝင် များမှ တဆင့် အစ္စလာမ် အစွန်းရောက် ဝါဒီများ ခြေကုတ် ယူလာမှု၊ စီးပွားရေး တုံ့ဆိုင်းမှု စသည် တို့တွင် ပိုမို အာရုံ စိုက်နေကြသည်။

ထိုကဲ့သို့ ဥရောပ သမဂ္ဂ၏ ရှေ့ဆက်ရမည့် ခရီး မသေချာ၊ မရေရာ ချိန်တွင် ဥရောပ သမဂ္ဂ၏ ဦးဆောင် နိုင်ငံများ၏ နိုင်ငံရေး ခေါင်းဆောင်များ အကြားတွင်လည်း ပြည်တွင်း ပြဿနာများက ဖိစီး နေကြသည်။ ဂျာမနီ ဝန်ကြီးချုပ် မက်ကဲလ်၏ ညွန့်ပေါင်း အစိုးရမှာလည်း ကွန်ဆာ ဗေးတစ် ပါတီနှင့် ဆိုရှယ် ဒီမိုကရက် များအကြား အပေးအယူဖြင့် ဖွဲ့စည်းထား ရသဖြင့် လှုပ်လီ လှုပ်လဲ့နှင့် အသက်ဆက် နေရသည်။ ပြင်သစ် နိုင်ငံ မှာလည်း လာမည့် သမ္မတ ရွေးကောက်ပွဲ အတွက်သာ အာရုံစိုက် နေပြီး ဗြိတိန် ဝန်ကြီးချုပ် တိုနီဘလဲ မှာမူ အီရတ် ပြဿနာနှင့် နပမ်းလုံး နေရာက ဥရော သမဂ္ဂ ဘက်သို့ အာရုံ မကျနိုင်ပဲ ရှိနေ ပေသည်။

အကောင်းနှင့် အဆိုး
ထိုသို့ အခက်အခဲများ ရှိနေ လင့်ကစား ဥရောပ သမဂ္ဂတွင် ကြီးမားသော အောင်မြင်မှုများ ရှိခဲ့သည် ဆိုသည်မှာမူ ဖုံးကွယ် မရသော အမှန်တရားပင် ဖြစ်သည်။ ဥရောပ သမဂ္ဂသည် ကွဲပြား ခြားနား နေသော ဥရောပ နိုင်ငံများကို မိမိ သဘော အလျှောက် စုစည်း ပါဝင်သော ဥရောပ မိသားစု အဖွဲ့အစည်း အဖြစ် တည်ဆောက် နိုင်ခဲ့သည်။ ထို့အတူ ဥရောပမှ နိုင်ငံရေး၊ စီးပွားရေး အရ ဖွံ့ဖြိုးမှု နောက်ကျ နေသော နိုင်ငံများကို အဖွဲ့ဝင် နိုင်ငံများ အဖြစ် လက်ခံရင်း ဖွံ့ဖြိုး တိုးတက်မှု အရှိန်အဟုန်ရ အောင် ဆောင်ရွက် နိုင်ခဲ့သည်။ ယနေ့ အချိန်တွင် အနောက် ဥရောပ၌ စီးပွားရေး တုံ့ဆိုင်း နေသည့် တိုင်း အဖွဲ့ဝင်သစ် အရှေ့ ဥရောပ နိုင်ငံများမှာ နှစ်စဉ် ပျမ်းမျှ ၅% တိုးတက်နေပြီး အက်စတိုး နီးယား၊ လက်ဗီးယားနှင့် စလိုဗက် ကီးယား နိုင်ငံများ မှာမူ တစ်နှစ်လျှင် ၁ဝ% ခန့် တိုးတက်ေ နသည်ကို တွေ့ရပေ သည်။

ဥရောပ သမဂ္ဂ အနေဖြင့် အဓိက စွမ်းဆောင် နိုင်သော အချက်မှာ စစ်အေး ခေတ်လွန် ကာလတွင် အမေရိကန်တို့ ကြီးစိုး သော ဧကမဏ္ဍိုင် ကမ္ဘာ့ နိုင်ငံရေး စနစ်ကို တန်ပြန်ပြီး ဒွိမဏ္ဍိုင် စနစ် သို့မဟုတ် ဗဟု မဏ္ဍိုင် စနစ် ပေါ်ပေါက် စေရန် အတွက် အဓိက အင်အားစု အဖြစ်ေ ပ်ါထွက် လာခြင်းပင် ဖြစ်သည်။ အမေရိကန် တို့က ၎င်းတို့၏ အမျိုးသား အကျိုး စီးပွားကို တုတ်ကြီးကြီး ကိုင်ပြီး တစ်ကိုယ်တော် ဝါဒဖြင့် အကောင် အထည် ဖော်နေချိန်တွင် ဥရောပ သမဂ္ဂက သံတမန်ရေး၊ လူသားချင်း စာနာ ထောက်ထားမှု အကူအညီ ပေးရေးနှင့် ပညာရေး၊ ယဉ်ကျေးမှု ဖလှယ်ရေး စသော အပျော့စား အာဏာ ဖြန့်ကျက်မှု နည်းလမ်းများကို အသုံးပြုပြီး နိုင်ငံတကာ ပဋိပက္ခ များကို ဖြေရှင်းရန် ဆောင်ရွက် လာသည်ကို တွေ့ရ ပေသည်။ ကမ္ဘာပေါ်တွင် ပေးအပ် နေသည့် နိုင်ငံတကာ အကူအညီ များ၏ ၇ဝ% မှာ ဥရောပ သမဂ္ဂနှင့် အဖွဲ့ဝင် နိုင်ငံများက ပေးအပ် နေခြင်း ဖြစ်သည်။ သံတမန် ရေးရာ တွင်လည်း ဥရောပ သမဂ္ဂသည် ဘော်လကန် ဒေသနှင့် အရှေ့ အလယ်ပိုင်း ပဋိပက္ခ ဖြေရှင်းရေး များတွင် အားကြိုး မာန်တက် ပါဝင် ဆောင်ရွက် နေပြီ ဖြစ်သည်။ အလားတူပင် နိုင်ငံတကာ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်း များတွင်လည်း ဥရောပ သမဂ္ဂသည် အမေရိကန် တို့ထက် ပိုမို ထည့်ဝင် ဆောင်ရွက် နေသည်ကို တွေ့ရသည်။ လူ့ဘဝ၏ သက်တမ်း တစ်ဝက် ရောက်ချိန်တွင် မိမိ အနာဂတ်၊ မိမိ ရှေ့ရေး အတွက် ဆုံးဖြတ်ရန် ခက်ခဲသော အခြေအနေများ Mid Life Crisis ကို ကြုံရစမြဲ ဖြစ်သည်။ ယခု ဥရောပ သမဂ္ဂ သည်လည်း ယခု နှစ်ငါးဆယ် ပြည့်ချိန် တွင်လည်း Mid Life Crisis နှင့်ကြုံတွေ့ နေရပြီ ဖြစ်သည်။ ထိုအခက်အခဲများကို ကျော်လွှားပြီး ရှေ့ဆက် နိုင်ရေးသည်

ဥရောပ နိုင်ငံများ အတွက် သာမက ကမ္ဘာ့ နိုင်ငံများ အတွက်လည်း အရေးကြီး လှပေသည်။ အားကောင်းသော ဥရောပ သမဂ္ဂ သာလျှင် အမေရိကန် တို့၏ ထင်ရာ စိုင်းမှုကို စီးပွားရေး၊ သံတမန် ရေးအရ လည်းကောင်း၊ ဒီမို ကရေစီနှင့် လူ့အခွင့် အရေး တန်ဖိုးများ အရ လည်းကောင်း စိန်ခေါ်ပြီး အင်အား ချိန်ခွင်လျှာ ထိန်းညှိ နိုင်မည် ဖြစ်ပေရာ ဥရောပ သမဂ္ဂသည် နှစ်ငါးဆယ် မွေးနေ့မှ နှစ်တစ်ရာ မွေးနေ့အထိ အားကောင်း မောင်းသန် ရှိရန်သာ ဆုတောင်း ပေးရ တော့မည် ဖြစ်ပေသည်။

ရဲထွဋ်

မှီငြမ်းပြုစာစောင်များ

  • The Golden Moment, Europe at 50, Newsweek, 26-3-07
  • Can Europe Age Gracefully ? by Shada IslamYaleGlobal, 21 March 2007

Source: http://www.uyehtut.blogspot.com
Image Credit: http://upload.wikimedia.org

About ye shin

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Scroll To Top